Location
  • Kayah

မှောင်ခိုဈေးကွက် သို့ တွန်းပို့နေသော အစိုးရ

၏ ဖိအား နှင့် ကယားပြည်နယ် ၏ ခဲမဖြူ/အဖြိုက်နက် ကုန်သွယ်ရေး။

Images by
Yu Yu Myint Than
Text by
Yu Yu Myint Than and Matt Grace
၂၀၁၇ခုနှစ် မော်ချီး၊ ကယားပြည်နယ်၊ မြန်မာနိုင်ငံ။ နေ့လည် ၁နာရီလောက်ရောက်သည့် အခါ ကျွန်မကို ခေါ်သွားပေးမည့် ကားဆရာမှ ညနေ (၄) နာရီသို့ ရွှေ့သွားကြောင်း ဖုန်းဆက်လာသည်။ ထိုနောက် ညနေ ၆နာရီလောက်ရောက်သည့်အခါမှာ တော့ “တောင်းပန်ပါတယ်။ ဒီနေ့ မော်ချီကို သယ်စရာ ကုန်မပါလို့ ကားမထွက်တော့ပါဘူး။” ဟု ပြောလာ သည်။

သူ့ကို မေးမြန်းကြည့်တော့ ခရီးသည်ချည်းပဲ ဆိုလျှင် ကားမထွက်ချင်ကြောင်း သိရပါသည်။ ကားသမား တွေ အတွက် ကယားပြည်နယ်၊ တောင်ပေါ်ဒေသမှ ခဲမဖြူ မိုင်းတွင်းထွက် ပစ္စည်းများ ကို သယ်ယူ ပို့ ပေးနိုင်မှ သာလျှင် အဓိကဝင်ငွေရကြလေသည်။ ထိုကြောင့် သူ့ ကားပေါ်တွင် ကုန် မပါပဲ တောင်ပေါ် တက်ရလျှင် အရှုံးပေါ်နိုင်၍ ဖြစ်ပါသည်။

ကျွန်မ နှင့် ကားအတူလိုက်စီးမည့် ခရီးသည်များထဲ မှ တစ်ဦးကလည်း သူ့ ဇနီးသည် ကိုယ်ဝန်ရှိ နေသဖြင့် မော်ချီး သို့ ဒီနေ့ ညတွင်းချင်း ရောက်ချင်ကြောင်းပြောပြသည်။ ထိုအခါ ကျွန်မတို့ ညတွင်းချင်း တက်ချင် ကြသည့် ခရီးသည်များ ၏ ပိုက်ဆံများကို စုပေါင်းလိုက်သည့်အခါ စုစုပေါင်း မြန်မာငွေ ၈၅,ဝ၀ဝ (ဒေါ်လာ ၆၀ ခန့်) ရရှိလာလေသည်။ ထို ပိုက်ဆံကို ကားဆရာအားပေးပြီး မောင်း ပေးပါရန် တောင်းဆိုလိုက်ကြသည်။ ထိုငွေ ပမာဏ သည် ပုံမှန် ကျွန်မတို့ ပေးရမည်ထက် ၅ ဆ ခန့် ပိုများ သည် ပိုက်ဆံဖြစ်ပါသည်။

Yu Yu Myint Than/NRGI
ကျွန်မတို့ လွိုင်ကော်မြို့ မှ ညနေ ၆.၃၀ ခွဲတွင် ထွက်ခွာလာကြပြီး သံလွင်မြစ်ကမ်းဘေးရှိ ဖားဆောင်း မြို့ သို့ ဝင်လာသည်နှင့် စစ်ဆေးရေး ဂိတ်တစ်ခု နှင့် တိုးပါတော့သည်။ ကျွန်မတို့ ကား နှင့် လားရာ ဖက် မှ ကားတစ်စီးပြီး တစ်စီး မီးထိုး၍ ဖြတ်သွားတိုင်း ကားဆရာက “ရှေ့ မှာ အကုန်စစ်နေတယ်” ဟု အော်၍ လှမ်း သတိပေးလေသည်။ ကားဆရာ ရှင်းပြချက် အရ မော်ချီးမှ ဆင်းလာသည့် ကားတိုင်း လိုလိုတွင် မှောင်ခိုဈေးကွက် သို့ တင်ရောင်းရန် ခဲမဖြူများ ပါလာတတ်သည်ဟု သိရသည်။ စစ်ဆေး ရေး ဂိတ်များသည် နာရီအနည်းငယ်မျှသာ ကြာတတ်သဖြင့် ကျွန်မတို့ ကားဆရာသတိပေး လိုက် သည့် ကားများသည် ဖြတ်ရန် စိတ်ချရသည့် အထိ လမ်းဘေးတစ်နေရာတွင် စောင့်ပြီးမှ ဖြတ်ကြ တော့ မည်ဖြစ်သည်။

တစ်နိုင်တစ်ပိုင် ခဲမဖြူ မိုင်းတွင်း ပိုင်သည့် ဦးစောဒယ်နီရယ် က “ကျွန်တော်တို့ မှောင်ခို ဈေးကွက် မှာ ရောင်းမှ ရတယ်။ နို့ မို့ဆိ်ုရင် စားဖို့တောင် မကျန်ဘူး။” ဟုရှင်းပြသည်။ အစိုးရ မှ ဈေးဖြတ်ပြီးဝယ် နေသည့် ဈေးသည် အလွန် နည်းပြီး အရည်အသွေးကောင်းသည့် ခဲမဖြူ တုံးများကိုတော့ လိုချင်ကြ သည်။ “ကျွန်တော်တို့က မတတ်နိုင်တော့ တချို့ တလေကို အစိုးရကိုပဲ ရောင်းလိုက်ရတာ ရှိတယ်။ ဒါပေမဲ့ မတရားဘူးပေါ့ဗျာ။ အစိုးရက အရည်အသွေးကောင်းတာကျတော့ လိုချင်တယ် သင့်တင့် မျှတ တဲ့ ဈေး ကိုတော့ မပေးချင်ဘူး။” ဟု ဦးစောဒယ်နီရယ်မှ ဆိုသည်။

Yu Yu Myint Than/NRGI
ဖားဆောင်းကို ကျော်လာသည့် အခါ လမ်းသည် ကြမ်း၍ အက်ကြောင်းလိုက်နေသည် ထက် ပို၍ သာ ဆိုးလာသည်။ လမ်းအခြေအနေသည် ယခုလို ဆိုးရွားနေသည်ကို မြင်ရသည့် အခါ ကျွန်မ အံ့သြမိသည်။ မည်သို့ဆိုစေ မော်ချီးတွင် တချိန်က ကိုလိုနီ ခေတ် ဗြိတိသျှ အစိုးရ သည် နှစ်ပေါင်း ၁၁၂ နှစ်နီးပါး မိုင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး “အင်္ဂလန်နိုင်ငံငယ်” ဟု ပင် လူသိများခဲ့သည် နေရာ တစ်ခု ဖြစ်ပါသည်။ ဒုတိယ ကမ္ဘာစစ် စတင်သည့် နှစ်များတွင် မော်ချီးမှ ထွက် သည့် အဖြိုက်နက်သည် တစ်ကမ္ဘာလုံးတွင် ၁၇.၄ ရာခိုင်နှုန်းထိ ရှိလာပြီး နိုင်ငံတကာ ဈေးကွက် အထိ လွှမ်းမိုးနိုင်ခဲ့သည်။
Yu Yu Myint Than/NRGI
လွိုင်ကော် နှင့် မော်ချီးမြို့ သည် ၈၈ မိုင် (၁၄၂ ကီလိုမီတာ) သာ ဝေးပါသည်။ သို့သော် လမ်းအခြေ အနေကြောင့် ညသန်းခေါင်တွင် ပင် ရောက်နိုင်ဖို့ မလွယ်လှပေ။ ကျွန်မတို့ အားလုံး မော်ချီး ဒေသ မှ ကျေးရွာပေါင်း ၅၇ ရွာရှိသည့် အနက် တစ်ခုဖြစ်သည့် ဆယ့်သုံးကုန်း ရွာ တွင် ဆင်းကြရပါသည်။ ပိန်း ပိတ်အောင် မှောင်မဲနေသည့် ညတွင် ဓာတ်မီးရောင်များ ပြိုးပြိုးပြက်ပြက် နှင့် လူအများ ကျွန်မတို့ ရှိရာ သို့ လျှောက်လာနေသည်ကို တွေ့ရလေသည်။ လွိုင်ကော်မှ ကားဆရာသယ်လာသမျှ သော ကုန် ပစ္စည်း များကို ရွေးယူကြရန် ရောက်လာကြခြင်းဖြစ်ပါသည်။
Yu Yu Myint Than/NRGI
နောက်တစ်နေ့တွင် ကျဉ်းမြောင်းပြီး မြေသားတွေ အက်ကြောင်းလိုက်နေသည့် ဆယ့်သုံးကုန်းရွာ ၏ တစ်ပေ၊ အများဆုံး နှစ်ပေသာ ကျယ်သည့် အန္တရာယ်များလှသော လမ်းအတိုင်း ကျွန်မ တောင်ပေါ် ရွာ သို့ လမ်းလျှောက်တက်သွားခဲ့ပါသည်။ ဤနေရာတွင်ပင် ၂၀၁၅ ခုနှစ်၊ မြေပြိုမှုကြောင့် လူ အနည်းဆုံး ၂၈ ယောက် အသက်ဆုံးရှုံး ခဲ့ပြီး လူပေါင်း ၅၀ဝ ခန့် ရွှေ့ ပြောင်းနေထိုင်ခဲ့ရသည်။

ဒေါ်မာဂရက်စိမ်း သည် ဆယ့်သုံးကုန်းရွာမှ ဆေးမှူးတစ်ယောက်ဖြစ်ပြီး မြေပြိုမှု ဖြစ်တုန်းက အကြောင်း ကို ကျွန်မအားပြောပြပါသည်။ “ကျွန်မတို့ဆီမှာ က အရင်တုန်းကလဲ မြေပြိုတာလေးတွေ နည်းနည်းစီ ဖြစ်ဖူးတယ်။ ဒါပေမဲ့ ၂၀၁၅ တုန်းက တော့ အထိအခိုက်အများဆုံး နဲ့ အကြီးဆုံးပဲ။ ကျွန်မ ဘယ်လိုပြေးခဲ့လွှားခဲ့ရတယ် ဆိုတာ အခုထိ မှတ်မိသေးတယ်။ နောက်ကို လှည့်မကြည့်ရဲဘူး။ မနားတမ်း ပြေးတာပဲ။” ဒေါ် မာဂရက် ၏ ရှင်းပြချက်အရ လုပ်ကွက် နံပါတ် ၂၊ ၃၊ ၄ နှင့် ၅ သည် လူနေအိမ်များ ရှိသည့် မြေအလွှာအောက်တွင် လှိုင်းခေါင်းများ အဖြစ်တည်ရှိနေကြောင်း သိရ သည်။ အဆိုပါ မိုင်းတွင်းများတွင် ပေါက်ကွဲစေသည့် ပစ္စည်းများ အသုံးပြုမှု နှင့် ပတ်သက် ၍ စည်းမျဉ်းသတ် မှတ်ချက်ဆိုလျှင် မရှိသလောက်ပင်ဖြစ်သည်။ ထို အချက်များကြောင့်ပင် လူအသေအပျောက်များပြီး ပျက်စီးဆုံးရှုံးမှု ကြီးသည့် မြေပြိုမှု ကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။

Yu Yu Myint Than/NRGI
ဦးအယ်ဒို သည် တောင်ပေါ်ရွာတွင် နေထိုင်သူဖြစ်ပါသည်။ “ဦးပိုင် (မြန်မာ့ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်း) က မိုင်းတွင်း က ထွက်သမျှ ပစ္စည်းအားလုံးကို သူတို့ ဆီက တဆင့် အရောင်းအဝယ် လုပ်လာအောင် မိုင်းတွင်းမှာ သုံးရမယ့် ဒိုင်းနမိုက်တွေကို ထိန်းချုပ်ထားတယ်။ ပြီးတော့ သူ့တို့ ပေးဝယ်တဲ့ ဈေးက မစို့မပို့နဲ့။ အဲ့တော့ တွင်းပိုင်ရှင်တွေက ဒိုင်းနမိုက် ကို မှောင်ခိုဈေး ကပဲဝယ်ကြ တယ်။ အဲ့တော့မှ သူတို့လဲ တွက်ချေကိုက်တဲ့ဈေးနဲ့ မှောင်ခိုဈေးကွက်မှာ တွင်းထွက်ခဲမဖြူ တွေကို ရောင်းနိုင် တော့တယ်။ ဒါပေမဲ့ မှောင်ခိုဈေးကွက်ကရတဲ့ ဒိုင်းနမိုက်တွေက စံချိန်မမှီ တော့ အန္တရယ် အတော်များ တယ်။” ဟု ဦး အယ်ဒို မှ ပြောပြသည်။
Yu Yu Myint Than/NRGI
မော်ချီး မိုင်းတွင်း တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီမှာ ကယားပြည်နယ် သတ္တုတွင်း ထုတ်လုပ်ရေး ကုမ္ပဏီ (KMPC) ဖြစ်ပါသည်။ ထိုကုမ္ပဏီ သည် ၁၉၉၁ ခုနှစ်မှ စတင် ထုတ်လုပ်ခဲ့ပြီး အစိုးရ နှင့် ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ ယခု အခါတွင် ထိုလုပ်ငန်းကို လွှဲပြောင်း ခဲ့ပြီး သဘာဝ သယံဇာတ နှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) ၏ လက်အောက်ရှိ အမှတ်(၂) သတ္တုတွင်း လုပ်ငန်း (ME2) နှင့် ဦးပိုင်းကုမ္ပဏီ (UMEHL) တို့ ၏ လက်အောက် တွင် ဆက်လက် လုပ်ကိုင်လျှက်ရှိပါသည်။ သတ္တုတွင်းမှ ထွက်သမျှ ပစ္စည်းများ၊ သယံဇာတများ အားလုံးကို အဆိုပါ အုပ်စုများက ထိန်းချုပ်ထားပါသည်။

“သေချာစဉ်းစားကြည့်ရင် လုံးဝ မတရားဘူးဆိုတာ အရှင်းကြီးပဲ။ ဒါက ကျွန်တော်တို့ မျိုးရိုးစဉ်ဆက် ပိုင်လာတဲ့ မြေလေ။ သူတို့က သာ ပွဲစားတွေ၊ သူခိုးတွေ။ တကယ့် ပိုင်ရှင်တွေ ဖြစ်တဲ့ ကျွန်တော် တို့ မြေက ထွက်တဲ့ ပစ္စည်းကို ကျွန်တော်တို့က လွတ်လွတ်လပ်လပ် ရောင်းဝယ်လို့ မရပဲ သူတို့ ကုမ္ပဏီ တွေ ကျတော့ စိတ်ကြိုက် ရောင်းဝယ်လို့ရနေတာလေ။ အဲ့ဒါ တရားသလား။ ” ဟု ဦးအယ်ဒိုမှ ပြော လေသည်။

Drag Left or Click Image to Start Slideshow

Ill feelingသတ္တုတွင်း ကုမ္ပဏီ ကို ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေး အဖွဲ့မှ ပိုင်ဆိုင်ပြီး ကြယ်ဖြူ အဖွဲ့ ဟုလဲ လူသိများကြသည်။ အဆိုပါ အဖွဲ့အစည်း သည် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) မှ ၂၀ဝ၂ ခုနှစ်တွင် ခွဲထွက်လာသည့် အဖွဲ့အစည်းဖြစ်သည်။ (ကယားပြည်နယ် ကို ယခင်က ကရင်နီ ပြည်နယ် ဟု ခေါ်ဆိုခဲ့ကြသည်။)

“အရင်တုန်းက အစိုးရက လုပ်ကိုင်တာဆိုတော့ တခုခု ထောက်ပြတာ၊ တိုင်ကြားတာတွေ လုပ်လို့ ရနိုင် သေးတယ်။ အခုက ကိုယ့်လူမျိုး တွေ ပိုင်တဲ့ ကရင်နီ အဖွဲ့အစည်း က ပါနေတော့ လွတ်လွတ်လပ်လပ် ပြောဆိုဖို့ ခဲယဉ်းတယ်။ ဒါက တကယ်တော့ မကောင်းဘူး။ ကိုယ့်လူမျိုးက ကိုယ်တွေကို ပြန်ပြီး အနိုင် ကျင့်တာကို မြင်ရတော့ ဝမ်းနည်းမိတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ လူငယ်ခေါင်းဆောင် တစ်ဦးမှ ပြောသည်။

Yu Yu Myint Than/NRGI
“ဒီ ကုမ္ပဏီက ရွာသူ၊ ရွာသားတွေ နဲ့ ရွှေ့ပြောင်း လုပ်သား တွေ ကို ခေါင်းပုံဖြတ် အမြတ်ထုတ်တယ်။ တခုခု ဖြစ်ပြီဆိုရင် တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘူး။ တီဘီ ဒါမှမဟုတ် အဆုတ်ကင်ဆာကြောင့် သေသွားကြရတဲ့ အလုပ်သမားတွေ အများကြီးပဲ။ ကျွန်တော် ဦးလေးဆိုရင်လဲ အသက် ၃၆ နှစ် နဲ့ တင်ဆုံးသွားတာ။ သူက ရှေ့တန်းမိုင်းလုပ်သား အနေနဲ့ လုပ်ခဲ့တာ။ ရှေ့ တန်း မိုင်း လုပ်သား တွေ က ထိခိုက်မှု အများဆုံး ကြုံရတဲ့ သူတွေပဲ။” ဟု အဆိုပါ လူငယ်ခေါင်းဆောင်မှ ထပ်ဖြည့်ပြောသည်။ (ရှေ့ တန်း လုပ်သား ဆိုသည်မှာ မိုင်းတွင်း ထိပ်ဖျားပိုင်းတွင် လွန်းပူ စက် နှင့် ပေါက်ကွဲရေးပစ္စည်းများ သုံး၍ တူးဖော်ရသည့် သူများ ကိုခေါ် ခြင်း ဖြစ်သည်)

အကာအကွယ်ပေးနိုင်မည့် လုပ်ငန်းသုံး ဦးထုပ်မပါ၊ တချို့ ဆိုလျှင် ခြေညှပ်ဖိနပ်ကိုသာစီးပြီး နှာခေါင်းစီး ပင် မပါပဲ အလုပ်လုပ်ကြရသည့် မိုင်းလုပ်သားများ အတွက် ကုမ္ပဏီ မှ သတ်မှတ်ပေးထားသည့် ဘေး ကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်းများ မရှိပေ။ မိုင်းလုပ်သားများသည် တရက်လျှင် ၄၀ဝ၀ ကျပ် (၃ ဒေါ်လာ) မှ ၂၀,ဝ၀ဝ ကျပ် (၁၅ဒေါ်လာခန့်) ထိရကြသည်။ ရှေ့ တန်းမိုင်းလုပ်သားများသာလျှင် လုပ်ခ အများဆုံးရကြသည်။

Yu Yu Myint Than/NRGI
ဤဒေသတွင် ဆေးမှူး သို့မဟုတ် သားဖွားဆရာမ အနည်းငယ် သာ ရှိကြောင်း ဒေါ် မာဂရက်မှ ပြောပြ သည်။ အများစု သည် မြို့ တဝိုက် တွင်သာရှိကြပြီး ရွာတွင်း တခုခု အရေးပေါ်ဖြစ်လာလျှင် ကူညီ ပေး နိုင်မည့် ဆေးမှူးမရှိပေ။ “ဒါကြောင့် ကျွန်မ က အငြိမ်းစာယူပြီးတာနဲ့ မော်ချီးကို ပြန်လာခဲ့တာပဲ။ ကျွန်မ သင်ခဲ့ရတဲ့ ပညာတွေ နဲ့ ကျွန်မရဲ့ လူမျိုးတွေကို ပြန်ကူညီပေးချင်လို့” ဟု ဒေါ်မာဂရက်မှ ပြောသည်။ ထိုအပြင် တနင်္ဂနွေနေ့တိုင်းတွင် လည်း လူနာများအတွက် အခမဲ့ဆေးကုသပေးလျှက်ရှိပါသည်။ “ကုမ္ပဏီကရော၊ အစိုးရကရော အရေးပေါ် ကယ်ဆယ်ရေးတို့၊ ဆေးဝါးအကူအညီတို့ ပေးတာ မရှိဘူး။ ကျွန်မတို့ လူတွေ အတွက် ဒီအကူအညီမျိုးလောက်တော့ အနည်းဆုံးကူညီပေးသင့်ပါတယ်။”
Yu Yu Myint Than/NRGI
အသက် (၅၀) အရွယ် ဦး ဟယ်ဝေး သည် ရှေ့ တန်းမိုင်းလုပ်သားအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ပြီး လွန်းပူစက် ကို ရေ မရောစပ် ပဲ တောက်လျှောက် အသုံးပြုခဲ့ရပါသည်။ ရေမပါသည့် အခါ ထို လွန်းပူ ဖောက်စက်မှ ထွက်လာသည့် ဖုန်မှုန့်များသည် အသက်ရှုလမ်းကြောင်းသို့ ဝင်ရောက်ပြီး တီဘီရောဂါ နှင့် အဆုတ်ရောဂါများကို ဖြစ်ပွားစေပါသည်။ သူ အဆုတ်ရောဂါ ဖြစ်ရသည်မှာ သတ္တုမိုင်းတွင်း တွင် လုပ်ခဲ့ရ၍ ဖြစ်သည်ဟု ဦးဟယ်ဝေးမှ ယုံကြည်ထားသည်။ “ဘယ်သူမှ လဲ လာပြီး ကျွန်တော့် ကို မကယ်နိုင်ပါဘူး။ ကျွန်တော်တို့ ရဲ့ နောက်မျိုးဆက်တွေကို သတ္တုမိုင်းတွင်းထဲမှာ မလုပ်စေချင်တော့ ဘူး။ သူတို့ကို ပညာပဲ တတ်စေချင်တော့တယ်။” ဟု ပြောသည်။ နောက်ပိုင်းတွင်မှ ပြန်၍ သိရသည်မှာ ဦးဟယ်ဝေးသည် ၂၅ရက်၊ နိုဝင်ဘာလ၊ ၂၀၁၇ ခုနှစ်တွင် တီဘီရောဂါဖြင့်ပင် ကွယ်လွန်သွားခဲ့ပါသည်။
Yu Yu Myint Than/NRGI
Yu Yu Myint Than/NRGI
စော ကရေတိုမူး သည် ကလေးဘဝကတည်း မှ စ၍ ခဲမဖြူ မိုင်းတွင်း တွင် အကူဘဝ မှ စတင်လုပ် ကိုင်ခဲ့သူဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ်အထိ ရှေ့ တန်း မိုင်းလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပြီး ယခု အခါတွင် အဆုတ်ရောဂါကိုခံစားနေရပါသည်။ အသက်ဆက်ရန် အတွက် တစ်နေ့လျှင် အောက်ဆီဂျင် နှစ်ဘူးခွဲ ခန့် အမြဲရှုနေရပါသည်။ “ခဲမဖြူ ဆိုတာ ဘုရားကပေးတဲ့လက်ဆောင်ပဲလေ။ ကျွန်တော်တို့ အားလုံး ဒီ ခဲမဖြူ ကြောင့် အသက်ရှင်ခွင့်ရကြတာ။ ခုလိုဖြစ်ရတာ ခဲမဖြူ ကြောင့် ဆိုပြီး ကျွန်တော် အပြစ်မတင် ချင်ပါဘူး။ ဒါက ဘုရားကပေးထားတာကိုး။ အရာရာတိုင်းက ဘုရားသခင် ရဲ့ အလိုတော် အတိုင်းပါပဲ။” ဟု စော ကရေတိုမူး မှ ပြောသည်။
God's Will?ကျွန်မပြန်မည့်နေ့တွင် ဒေသရှိ အိမ်များ၊ မြွေလိမ်မြွေကောက် ပုံ ရှိသည့် လှိုဏ်ဂူများ၊ မျှော်တိုက်၍ တူးဖော်ထား သည့် သတ္တုတွင်းများ၊ ပျက်စီးနေပြီး အက်ကြောင်းလိုက်နေသည့် လမ်းများ၊ ဖုန်မှုန့်များ အလယ်တွင် လက်ဖက်ရည်သောက် အနားယူနေသည့် မိုင်းလုပ်သားများ ရှိကြရာ မော်ချီးဒေသကို လှမ်းမျှော် ကြည့်ခဲ့မိသည်။

“အရာရာတိုင်းက ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပါပဲ။” ဟု ပြောခဲ့သည့် စောကရေတိုမှူး ၏ မျက်နှာ ကို ကျွန်မ ပြန်၍ မြင်ယောင်မိသည်။ “ဒီလို လှပတဲ့ မော်ချီးဒေသ ပေါ်မှာ ကျရောက်နေတဲ့ ကျိန်စာ တွေက ကော ဘုရားသခင်ရဲ့ အလိုတော်လား။” ဟု ကျွန်မကိုယ်ကျွန်မ မေးမိပါသည်။

The UNEARTH project is supported by the Natural Resource Governance Institute and was initiated as part of its Extractive Industries Photo Documentary Project.